| လေးဘီးဆရာ |
|
|
|
| Short Stories - Short Stories | |||
| Monday, 05 October 2009 10:04 | |||
|
နိုင်ငံခြားမှာနေကြတဲ့ ကျွန်တော့်အစ်ကို မိသားစုက မြန်မာပြည်ပြန်ရောက်တုန်း ချောင်းသာကမ်းခြေကို သွားချင်တယ်ဆိုလို့ ကျွန်တော်အိမ်ကကားနဲ့ လိုက်ပို့ဖြစ်တယ်။ ခက်တာက မနက်ဖန်သွားမယ်ဆို ဒီနေ့ညအထိ သွားမယ်မသွားမယ် မသဲကွဲသေးဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော့်တူတော်မောင် အငယ်ကောင်က အဖျားပျောက်ခါစဆိုတော့ ပြန်ဖျားရင်ဒုက္ခဆိုပြီး ကျွန်တော့်အစ်ကိုလည်း သွားရကောင်းမလား မသွားရင်ဘဲကောင်းမလား ဝေခွဲမရ ဖြစ်နေတယ်။ ကျွန်တော်လည်း ကဲ ကောင်းပြီ သွားမယ်ဆိုလည်း မနက်ဖန်မနက်အိပ်ယာနိုးရင် ဖုန်းဆက်လိုက် ကျွန်တော်ထွက်လာခဲ့မယ်ပေါ့။ မနက်ကျတော့ ဖုန်းလာတယ်။ သူတို့ သွားဖြစ်တယ်တဲ့။ ကျွန်တော်လည်း အိပ်ရာကလူးလဲထ မျက်နှာသစ် ကျွန်တော့်မဟေသီက အ၀တ်အစားတွေ ခပ်သုတ်သုတ်ဆွဲထည့်နဲ့ အိမ်ကနေ မနက် ၆း၀၀ နာရီကျော်လောက် သူတို့တည်းတဲ့ ဟော်တယ်ကို ထွက်လာခဲ့လိုက်တယ်။ မောင်းနေရင်းနဲ့ ကိုယ်က ခေါင်းထဲမှာ အစီအစဉ်ဆွဲနေတာ မနက်စာ ကို ပါဆယ် ၀င်ဝယ်သွားမယ်။ စမူဆာ၊ ပလာတာ စသဖြင့်ပေါ့။ ဆိုင်မှာထိုင်စားနေလို့ မဖြစ်ဘူး။ ပုံမှန်ဆို မနက် ၅း၀၀ နာရီ လောက် ချောင်းသာကို ထွက်ကျတာလေ။ အခုနေမြင့် သွားရင် လမ်းမှာ ပူမှာစိုးလို့ ခပ်သုတ်သုတ်လေးသွားချင်တာ။ ပြီးရင် ဟော်တယ်ကို ၀င်ပြီးသူတို့ခေါ်မယ်။ ပြီးမှ ဓါတ်ဆီထည့်မယ်ပေါ့။ ဓါတ်ဆီကလည်း တိုင်ကီထဲနည်းနေပြီ။ ကိစ္စမရှိဘူး။ သူတို့ကိုခေါ်ပြီးတာနဲ့ ဓါတ်ဆီဆိုင်ဝင်မယ်။ တိုင်ကီထဲဆီအပြည့်ထည့်လို့ရအောင် အခုကုန်အောင်မောင်းလိုက်မယ် ဆိုပြီး ထွက်လာခဲ့တယ်။ စီစဉ်တဲ့အတိုင်း မနက်စာဝယ်ပြီး သူတို့ ဟော်တယ်ရောက်တော့ ၇း၀၀ နာရီလောက်ရှိပြီ။ ကျွန်တော်တို့ အိတ်တွေကို ခပ်သုတ်သုတ်တင်ပြီးမောင်းထွက် လာခဲ့တယ်။ ကျွန်တော်နှင့် ကျွန်တော့်အစ်ကိုက ရှေ့ခန်းမှာ။ ကျွန်တော်က မောင်းတယ်။ နောက်မှာတော့ ကျွန်တော့်အစ်ကို အမျိုးသမီးနဲ့ ကျွန်တော့်အမျိုးသမီး နောက် ကျွန်တော့်တူတော်မောင် မျောက်ထိုင်ငို ၂ ကောင်ရယ် ဦးမောင်ဆိုတဲ့ ကျွန်တော့် ၀မ်းကွဲယောက်ဖတစ်ယောက်ရယ်ပေါ့။ အားလုံးလည်းပျော်နေကြ တယ်။ သူတို့က ဂရမ်းမီးရထားမှာတည်းတာလေ။ ကျွန်တော်အဲ့ဒီကနေထွက်လာပြီး မီးပွိုင့်ရောက်တော့ ဘယ်ဘက်က မီးရထားဂုံးကျော်တံတားကို တက်လိုက်တယ်ဆိုရင်ပဲ ကားက ဆက်ငင်ဆက်ငင်ဖြစ်ရော၊ ကျွန်တော် သိလောက်တယ်။ ဒါပေမယ့် နောက်ကျသွားပြီ။ သိတယ်မဟုတ်လား ဆီကုန်ပြီလေ။ ဂုံးအတက်ဆိုတော့ ဆီတိုင်ကီထဲ ဆီနည်းနေတော့ တိုင်ကီထဲက ဆီ Pump က မတွန်းနိုင်တော့ဘူး။ ဒါနဲ့ လက်ကျန်အရှိန်လေးနဲ့ လမ်းဘေးထိုးရပ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်အစ်ကိုမျက်နှာက ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သူက ဆီကုန်တာမသိဘူးလေ။ ကားပျက်ပြီဆိုတော့ အခုမှ လည်း ထွက်လာသေးတယ်ဆိုတော့ ဒီနေ့ ငါတို့သွားဖြစ်ပါ့မလားဆိုပြီး စိတ်ပူသွားပုံရတယ်။ ဒါနဲ့ ကျွန်တော်လည်း ဆီကုန် တာ ဖြစ်မှာပါ။ အခုပဲ ဆီဆိုင်သွားပြီး ဆီထည့်တော့မလို ဆီကျန်သေးတယ်ထင်တာ စသဖြင့်ပြောထားရတယ်။ ဒါနဲ့ ကျွန် တော်ကားပေါ်က ဆင်းလိုက်တယ်။ နောက်ဖုံးကိုဖွင့် ဆီပုံးကိုထုတ် ဆီသွားဝယ်ဖို့ ဦးမောင်ကိုပြောရတယ်။ ဘေးဘီးမှာ လည်း ကားတွေကရှင်းနေသေးတယ်။ မနက်စောစောပဲရှိသေးတာကိုး။ အဲ့ဒီအချိန်မှာ မီးပွိုင့်ကနေလွှတ်လာတဲ့ ကားတွေထဲက ကား တစ်ချို့ကို ကျွန်တော်တားလိုက်တယ်။ ဘာရယ်တော့မရည်ရွယ်ဘူး။ Taxi ကားစီက ဓါတ်ဆီဝယ်လို့ရမလား ဒါမှမဟုတ် အဲ့ဒီကားကိုငှားသွားပြီ ကန်တော်လေးထဲက လမ်းဘေးဆိုင်တွေမှာ ဆီသွားဝယ်ရကောင်းမလားပေါ့။ ဒါပေမယ့် ကျွန်တော် ရည်ရွယ်ပြီး တားလိုက်တဲ့ကားတွေက ကျွန်တော် တားတာကို ဂရုပင်မစိုက်ဘဲ သူတို့လိုရာအရပ်ကိုမောင်းသွားကျပေမယ့် မရည်ရွယ်တဲ့ ကားတစ်စီးကတော့ အရှိန်လျှော့ပြီး ကျွန်တော့်ကားရှေ့မလှမ်းမကမ်းမှာရပ်လိုက်ပါတယ်။ အဲ့ဒီ့ကားလေး ကတော့ စုပ်ချာချာ လေးဘီးကားလေးတစ်စီးပါပဲ။ ဘာပဲဖြစ်ဖြစ် အခုလို အချိန်မှာ အကူအညီရတန်ကောင်းရဲ့ဆိုပြီး ကျွန် တော်အဲ့ဒီကားနား အပြေးကလေးသွားလိုက်တယ်ဆိုရင်ပဲ “ဘာ ဖြစ်တာလဲ” ဒီစကားကို ဆိုလာသူက လေးဘီးဆရာပါ။ “အစ်ကို ဆီကုန်သွားတယ်ဗျ အစ်ကို ဆီနည်းနည်းလောက်ရောင်းပါလား” လို့ ကျွန်တော်ကပြန်ပြောလိုက်တယ်။ လေးဘီး ဆရာက အမှန်တော့ ကျွန်တော်တို့ စက်ပျက်လို့ ရပ်ထားတယ်ထင်တယ်။ ဖြစ်ချင်တော့ သူ့ဘေးမှာ သူ့စက်ပြင်ဆရာပါလာ တယ်လေ။ ဒါကြောင့် ကားပျက်နေရင် သူအကူအညီပေးလို့ရအောင် သူရပ်ပေးလိုက်တာ။ ခက်တာက အခု ကျွန်တော်က သူ့ကားထဲကဆီကိုရောင်းဖို့ပြောနေတော့ သူအကျပ်ရိုက်သွား တယ်။ ဘာလို့လည်း ဆိုတော့ သူက ပြန်ပြောတယ်။ သူ့ဆီမှာလည်း ဆီအများကြီးမပါဘူးတဲ့။ ကျွန်တော်က “အစ်ကိုရာ ၁ ဂါလံလောက်ပါပဲ” ဒီတော့ သူက “အင်း ၁ ဂါလံ လောက်ဆိုရင်တော့ ရမယ်ထင်တယ်” ဆိုပြီး ကားပေါ်ကဆင်းလိုက်တယ်။ “ပိုက်ပါလား” “ပါတယ် အစ်ကို”ကျွန်တော်အပြေး လေး ကားထဲက ပိုက်နဲ့ ပုံးကို သွားယူလိုက်တယ်။ ဒါပေမယ့် ပုံးနဲ့ မထည့်ဖြစ်ဘူး။ သူက တိုင်ကီအောက်က ချက်ပိုက် ကနေ ထုတ်ရတာဆိုတော့ ပုံးကမြင့်နေတယ်လေ။ ဒါနဲ့ ရေသန့်ဘူးနဲ့ဆီကိုထည့် ပြီးရင် သူက ပိုက်ကို လက်နဲ့ပိတ်ထား သူ့စက်ဆရာ က အဲ့ဒီ ဆီပုလင်းကို ကျွန်တော့်ကားတိုင်ကီထဲလာပြေးထည့်။ ကျွန်တော်ကစိတ်အေးသွားပြီမို့ ပါလာတဲ့ Video ကင်မရာနဲ့ တောင် ဒီအဖြစ်အပျက်ကို အမှတ်တရဆိုပြီး ရိုက်နေလိုက် သေးတယ်။ ဒီတော့ ကားဆီထည့်တဲ့ ကိစ္စကို သူတို့ ဆရာတပည့် နှစ်ယောက်ပဲလုပ်ကြတယ်။ “ဆီနည်းသွားပြီး လေးပုလင်းပြည့်ဖို့နည်းနည်းပဲလိုတယ် ရမလား” “အား ရပါတယ်အစ်ကိုရယ် ဒီလောက်ဆို ကျွန်တော်ဆီဆိုင်ရောက်လောက်ပါပြီ” ကျွန်တော် ကားစက်ကိုနှိုးလိုက်တယ်။ ၀ူးကနဲ ကားစက်နှိုးလာတာနဲ့ အားလုံးမျက်နှာမယ် အပျော်တွေပြန်သန်းလာတယ်။ ဒီတော့ ကျွန်တော်က ပိုက်ဆံ ထုတ်ပြီး “အစ်ကို ဘယ်လောက်ပေးရ မလဲ” ကျွန်တော်ထင်ထားသလို သူက အမြတ်မယူရှာပါဘူး။ ၃၀၀၀/- ပဲပေးပါဆိုပြီးပြောတယ်။ ကျွန်တော်ထက်အသက်ကြီး နေတော့ အစ်ကိုလက်ဖက်ရည် ဖိုးဆိုပြီး ၅၀၀ ၁၀၀၀ ပိုထည့်ပေးဖို့ ကျွန်တော်ဘယ်လိုပြောရမှန်း မသိဘူး။ ဒါနဲ့ပဲ ကျွန်တော် ၃၀၀၀ ပဲပေးလိုက်တယ်။ သူမျက်နှာကိုအကဲခတ်ကြည့်လိုက်တော့ အေးဆေးပဲ ပိုမပေးလို့လည်း သူဘာမှ ခံစားရပုံမပေါ်ဘူး။ ဒါနဲ့ ကျွန်တော်လည်း ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောမိတယ်။ ဒါနဲ့ ကျွန်တော်လည်း ကိုယ့်ကား ဆီကို ပြန်လာလိုက် တယ်။ စိတ်ထဲမှာ တစ်မျိုးပဲ တစ်ခုခုပိုပေးမှဖြစ်မယ်ပေါ့ စိတ်ထဲ ဇဝေဇ၀ါဖြစ်နေတယ်။ နောက်တော့ သတိရသွားပြီး ပိုက်ဆံ ၂၀၀၀/- ကို သူ့ စက်ဆရာဆီကို လက်ဖက်ရည်ဖိုးဆိုပြီး လိုက်ပေးတော့ သူတို့ကားက ထွက်စပြုနေပြီမို့ ကျွန်တော်လည်း အသောကလေးပြေးလိုက်သွားရင်း ပေးလိုက်တယ်။ သူတို့ ကတော့ ခပ်ပြုံးပြုံး ခပ်အေးအေးပါပဲ။ မပေးလည်း သူတို့ ကူညီ ဖြစ်သွားလို့ သူတစ်ပါးအဆင်ပြေသွားတာကို ကျေနပ်နေပုံပါပဲ။ ဒီလိုနဲ့ပဲကျွန်တော်တို့လမ်းခွဲခဲ့ကြ တယ်။ ကျွန်တော်က ဗဟန်း အ၀ိုင်းဘက်တက်ခဲ့ပြီး သူတို့က အောင်ဆန်းကွင်းဘက်ကို ပြန်ကွေ့သွားကြတယ်။ သူတို့မကွေ့ခင်မှာ ကျွန်တော့်ကားကို စောင့်နေ ခဲ့ကြပြီး အဆင်ပြေရဲ့လားဆိုတာကိုမေးရင် လက်ပြနှုတ်ဆက်ခဲ့ကြသေးတယ်။ သူတို့နဲ့ လမ်းခွဲခဲ့ပြီးပေမယ့် ကျွန် တော့် စိတ်ကူးထဲမှာတော့ တွေးစရာတွေအများကြီး ပေါ်လာတယ်။ လမ်းပေါ်မှာတလှုပ်လှုပ်နဲ့သွားနေတဲ့လေးဘီးကားတွေဟာ ဘယ်တော့မဆို အမြန်ယာဉ်ကြောမှာပဲတွေ့ရတတ်တယ်။ အမြန်ယာဉ်ကြောလည်း ယူထားသေးတယ် တလှုပ်လှုပ်လည်း မောင်းသေးတော့ ကျွန်တော့်တို့ ဆလွန်းကားတွေရဲ့ ဘေးကကျော်တက်ရင်း မျက်စောင်းထိုးတဲ့ဒဏ်တွေကို နေလောင် ထားတဲ့မျက်နှာနဲ့ လေးဘီးဆရာတွေက ခံယူရရှာတယ်။ တစ်ချို့လေးဘီးဆရာတွေရဲ့ မျက်ဝန်းတွေက အမှည့်လွန်နေတဲ့ သစ်သီးတွေရဲ့ ခံစားမှုမျိုးနဲ့ ကျွန်တော် တို့ကို ပြန်ကြည့်တတ်ကြတယ်။ တစ်ချို့ကားတွေကတော့ လေးဘီးတွေကို ကျော် တတ်ရင်း သူတို့ကားဖင်လေးတွေနဲ့ ပွတ်သယောင်ယောင်လုပ်သွားတာမျိုးတွေကိုလည်း လေးဘီးဆရာတွေ ဘယ်လိုခံစားရ မလဲဆိုတာမျိုးကို ကျွန်တော်နားလည်သွားပြီ။ တော့..တော့..ပြီးဖမ်းမှာရတတ်တဲ့ ဘရိတ်ကို အလျှင်မှီအောင်အုတ်ရင်းရှေ့က တန်ဖိုးကြီးကားတွေရဲ့ မထိလေးစားလုပ်မှုကို သူတို့နေစ္စဓူဝ ရင်ဆိုင်ရမှုဟာ သူတို့ဘ၀ကို ဘယ်လောက်ရိုက်ခတ်သလဲဆိုတာ ကို ကျွန်တော်တွေးရင်း စိတ်မကောင်းဖြစ်မိတယ်။ တစ်လက်စတည်းမှာပဲ အပြုံးတွေနဲ့ ကူညီသွားခဲ့တဲ့ လေးဘီးဆရာရဲ့ မျက် နှာကိုလည်း မြင်ယောင်လာတယ်။တိုက်များတိုက်မိရင် ကားတစ်စီးရဲ့ ဘာမှမဟုတ်တဲ့ နောက်ဘန်ပါလေးကတောင် သူတို့ ဘ၀နှင့် သူတို့မျှော်လင့်ချက်တွေကို ကောင်းစွာရိုက်ချိုးလိုက်နိုင်တယ်လေ။ ဒါကြောင့် လေးဘီးကားလေးတွေရဲ့ ရှေ့ကနေ လှစ်ကနဲဖြတ် ဖြတ် မ၀င်ဖို့ကိုပါ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ရဲ့အားကိုတကြီး အကူအညီတောင်းမှုကို ဂရုမစိုက် ဘဲမောင်းသွားတဲ့ ဆလွန်းကားတွေရဲ့ နောက်ကွယ်မှာ ကျွန်တော်မသိကျိုးကျွံပြုထားတဲ့ လေးဘီးဆရာက အဲ့ဒီကားတွေ ကြားထဲကနေ ကျွန်တော်ဂရုပြုမိလောက်အောင် ရပ်တန့်ပြီး အကူအညီပေးခဲ့လေရဲ့။ သြော် တကယ်တော့လည်း လေးဘီး ဆရာတွေဟာ လူတွေထဲက လူတစ်ယောက်ပါပဲ။ လူ ဆိုတာက ကျင်လဲရာ ဘ၀အဖုံဖုံမဟုတ်လား။ သူဟာ ဘယ်လိုလူပဲ ဖြစ်ဖြစ် လူတွေထဲကတော့ လူတစ်ယောက်ပဲလေ။ ကျွန်တော်တို့ဟာ လေးဘီးကားကိုမြင်မယ့် အစား လေးဘီးကိုမောင်းနေ တဲ့ လေးဘီးဆရာဆိုတာ လူတစ်ယောက်ပဲဆိုတာတော့မြင်မှဖြစ်မယ်။ ကိုယ့်ကားလေးကကောင်းတိုင်း ဒီလေးဘီးတော့ ငါလုပ်လိုက်ရ ဆို တကယ်ခံစားရမှာက သက်မဲ့လေးဘီးမဟုတ်ပါဘူး။ သက်ရှိလေးဘီးဆရာပါ။ လူတိုင်းမှာအခက်အခဲဆိုတာ ရှိကြပါတယ်လေ။ အဆင်ပြေနေတဲ့ ဘ၀တွေမှာ တောင် အခက်အခဲဆိုတာပေါ်လာတတ်တာပဲမဟုတ်လား။ အခုလည်း ရုတ်တရက်မထင်ဘဲဖြစ်လာတဲ့ ကျွန်တော့်အခက်အခဲကို လေးဘီးဆရာက လွယ်လင့်တကူ ကူညီသွားလေရဲ့ ဟုတ်ပါတယ်။ တကယ့်ကိုလွယ်လင့်တကူပါ။ ဘာကိုဆိုလိုလည်း သင်သိသလား လေးဘီးကားက ဆီအဲ့သလောက်မစားဘူးလေ။ ဒါကြောင့် ကျွန်တော့်ကိုထုတ်ပေးလိုက်လို့ လျော့သွားတဲ့လက်ကျန်ဆီအနည်းငယ်နဲ့ သူဆက်မောင်းလို့ရနေတာပေါ့။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် သူနေရာနဲ့ သူတော့ တဖက်သားကို ကောင်းကျိုးပြုနိုင်တာပဲလို့တွေးမိနေရင်း ကျွန်တော့်ရဲ့ စိတ်များဟာလည်း မရောက်သေးတဲ့ ကမ်းခြေကပင်လယ်ရေတွေလိုကြည်လင် လန်းဆန်းလာတော့တာပါပဲ။ ကျေးဇူးပါ လေးဘီးဆရာ . . .
|
|||
| Last Updated on Monday, 10 May 2010 09:14 |















